စားစရာလိုအပ်နေသူတိုင်း အလကားယူစားနိုင်ဖို့ ဆိုင်ရှေ့မှာ စားစရာတွေ အမြဲထားပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

 

စေတနာသန့်သန့်နဲ့ လှူတဲ့အလှူတိုင်းဟာ မွန်မြတ်ပါတယ်။ အဲဒီထက် အမှန်တကယ်လိုအပ်နေတဲ့သူကို လှူတဲ့ အလှူမျိုးက ပို့လို့တောင် မွန်မြတ်ပါသေးတယ်။ အိန္ဒိယနိုင်ငံ၊ ကိုချီမြို့က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်တဲ့ Minu Pauline ဆိုသူ အမျိုးသမီးကတော့ သူ့စားသောက်ဆိုင်ရဲ့ အပြင်ဘက်မှာ လိုအပ်နေသူတွေ အလကားယူငင်စားသောက်နိုင်တဲ့ ရေခဲသေတ္တာတစ်ခုကို ထားပေးခဲ့ပါတယ်။ တကယ်ကို မွန်မြတ်တဲ့ အလှူပါပဲ။

ပေါ်လင်းဟာ တစ်ညမှာ သူမရဲ့စားသောက်ဆိုင် အပြင်မှာ အိမ်ရာမဲ့အမျိုးသမီး တစ်ယောက်က အမှိုက်ပုံးထဲမှာ စားစရာရှာနေတာကို တွေ့မြင်ခဲ့ပါတယ်။ အဲဒီညမှာပဲ စားသောက်ဆိုင်မှာ ကြွင်းကျန်နေပေမဲ့ ကောင်းနေသေးတဲ့ အစားအသောက်တွေထဲက သင့်လျော်တဲ့ ပမာဏကို အိမ်ရာမဲ့တွေကို စားသောက်စေဖို့ အကြံရရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း သူ့ရဲ့ဆိုင်ရှေ့မှာ ရေခဲသေတ္တာတစ်လုံးထုတ်ပြီး အစားအသောက်တွေကို ထားပေးခဲ့တာ ဖြစ်ပါတယ်။

လူတော်တော်များများက အစားအစာတွေအများကြီးကို အလကားဖြုန်းတီးနေကြတယ်။ အဲဒီအမှိုက်ပုံးထဲက ယူစားနေရသူတွေ ရှိပါတယ်” လို့ ပေါ်လင်းက Viral Indian Diary သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။ Pappadavada ဆိုင်ပိုင်ရှင်ဟာ သူမစားသောက်ဆိုင်က ပိုလျှံလာတဲ့ စားကြွင်းစားကျန်အကောင်းတွေကို အပြည့်အဝအသုံးချဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီနည်း ဟာ သူမ အတွက်ရော အိမ်ရာမဲ့တွေအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။

အဲဒီလိုစိတ်ကူးရရှိပြီးနောက်မှာ သူမဟာ သူမဆိုင်ရဲ့ အဝင်ပေါက်နားမှာ ရေခဲသေတ္တာတစ်လုံးထားရှိပြီး စားကြွင်းစားကျန်အကောင်းတွေကို ထည့်ထားပေးခဲ့ပါတယ်။ အဲဒီအစားအစာတွေကို ဘယ်သူမဆို အလကာ ယူပြီး စားသောက်နိုင်ပါတယ်။ သူမဟာ စားစရာတွေကို အလကားဆိုပြီး ပစ်စလတ်ခတ်ထားပေးတာတော့ မဟုတ်ပါဘူး။ စားစရာတစ်ထုပ်စီတိုင်းမှာ ချက်ပြုတ်တဲ့ရက်စွဲကို သေချာတပ်ပေးထားပါတယ်။

သူမက အဲဒီရေခဲသေတ္တာထဲက စားစရာတွေကို အိမ်ရာမဲ့တွေတင်မက လိုအပ်တဲ့သူ၊ ဗိုက်ဆာနေတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အလကားယူစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီရေခဲသေတ္တာဟာ ကိုယ်တိုင်ယူစနစ်ဖြစ်ပြီး တစ်နေ့ ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်လုံး ထားပေးထားပါတယ်။ နေ့တိုင်း အဲဒီထဲကို စားသောက်ဆိုင်က ပိုလျှံနေတဲ့ စားစရာအထုပ်ပေါင်း ၇၅ ထုပ်ကနေ အထုပ် ၈၀ လောက်အထိ ထားပေးလေ့ရှိပါတယ်။

“အထုပ် ၁၀၀ လောက် ထည့်ပေးထားတဲ့ နေ့လည်း ရှိပါတယ်၊ အကန့်အသတ်မထားပါဘူး” လို့လည်း သူမက ဆိုပါတယ်။ ဒါ့ပြင် အင်တာဗျူးတစ်ခုမှာ ပေါ်လင်းက “ရှင့်ပိုက်ဆံကို ရှင်ဖြုန်းတာက ရှင့်ကိစ္စပါ။ ဒါပေမဲ့ လူ့အဖွဲ့ အစည်းရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးလို့တော့ မဖြစ်ပါဘူး။ အရင်းအမြစ်တွေကို မဖြုန်းတီးပါနဲ့၊ စားစရာတွေ ကို အလဟဿမဖြစ်ပါစေနဲ့” လို့လည်း သူရဲ့သဘောထားအမြင်ကို ပြောပြခဲ့ပါတယ်။ လူတိုင်း ပေါ်လင်းလို စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ သဘောထားမျိုး ရှိကြမယ်ဆိုရင် အစာငတ်လို့ ဒုက္ခရောက်နေသူတွေ အတော်လေး နည်းပါးသွားပြီး လူ့ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းစေမှာ အမှန်ပါပဲ။

 

Myanmar Celes media

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*